ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် ဒီရေတောများ၏ အခန်းကဏ္ဍအကြောင်း မြို့နယ်သစ်တောဦးစီးဌာနက အသိပညာပေးဟောပြော

သာပေါင်း စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် သစ်တောဦးစီးဌာနက ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် ဒီရေတောများ၏ အခန်းကဏ္ဍအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက် တန်းကျောင်း(သာပေါင်း)ရှိ သော်‌ကဆောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း) ကျောင်းအုပ်ဆရာမကြီးဒေါ်အေးနိုင်ဦးမှ အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်သစ်တောဦးစီးအရာရှိ ဦးသိန်းဝင်းဇော်က ကမ္ဘာ့ဒီရေတောများ အခြေအနေ၊ မြန်မာနိုင်ငံ၏ ဒီရေတောနှင့်ဂေဟစနစ်များ၊ ဒီရေတောများမှ ပံ့ပိုးပေးသော ဂေဟစနစ် ဝန်ဆောင်မှုများ၊ ဒီရေတောများမှ ထုတ်ကုန်နှင့် အခြေခံ စားဝတ်နေရေး လိုအပ်ချက်များ ပံ့ပိုးပေးခြင်း၊ ဒီရေတော ဂေဟစနစ်နှင့် ဇီဝမျိုးစုံ မျိုးကွဲကြွယ်ဝမှု၊ ရာသီဥတုပြောင်းလဲမှုလျော့ချရေး ဒီရေတောများ၏ အခန်းကဏ္ဍ၊ ကမ်းရိုးတန်းသယံဇာတများနှင့် အပြာရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတတ်မှု၊ MSME နှင့် ဒီရေတော၏ အခန်းကဏ္ဍ “ဒီရေတောများ၊ ရာသီသီးနှံများ၊ ဆေးဘက်ဝင်အပင်များ၊ အိမ်မွေး တိရစ္ဆာန်များ၊ ငါး/ပုဇွန်များ” စုစည်းပူးပေါင်း တွဲဖက်စိုက်ပျိုးမွေးမြူကာ မြေဧရိယာတစ်ခုတည်းမှ ကုန်ထုတ်လုပ်မှု အများဆုံးဖြစ်စေရန်စနစ်များ၊ မြန်မာနိုင်ငံဒီရေတောနှင့်ကမ်းရိုးတန်းသယံဇာတများ စီမံအုပ်ချုပ်ခြင်း၊ မြန်မာနိုင်ငံ ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ဒီရေတော ဧရိယာများ တိုးတတ်မှုရလဒ်များ၊ ဒေသနေပြည်သူလူထု၏ပူးပေါင်းပါဝင်မှု၊ ဒီရေတောများမှရရှိနိုင်သည့် အကျိုးကျေးဇူးများမှာ သစ်နှင့်သစ်တောထွက်ပစ္စည်းများ ထုတ်ယူရရှိနိုင်ခြင်း၊ ငါး၊ ပုစွန်၊ ဂဏန်းစသည့် စားနပ်ရိက္ခာများ ရရှိစေခြင်း၊ ဆေးဘက်ဝင်အပင်နှင့်ဆိုးဆေးများ ထုတ်ယူသုံးစွဲနိုင်ခြင်း၊ ကာဗွန်စုပ်ယူသိုလှောင်နိုင်မှု အထူး ကောင်းမွန်ခြင်းကြောင့် ရာသီဥတုဖောက်ပြန်မှုကို ထိန်းညှိပေးခြင်း၊ ကမ်းရိုးတန်းနှင့် မြစ်/ချောင်းများ မြေပြိုတိုက်စားမှုမှ ကာကွယ်ပေးခြင်း၊ လယ်မြေများအတွင်းသို့ ဆားငန်ရေဝင်ရောက်မှုကို တားဆီး ကာကွယ်ပေးခြင်း၊ ဆားငန်ရေတွင် အသက်ရှင်နေထိုင်သော ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ကြီးထွား မျိုးပွားစေရန် ပံ့ပိုးပေးခြင်းစသည့် ဗဟုသုတရဖွယ် သိကောင်းစရာအဖြာဖြာတို့ကို ပရိုဂျက်တာဖြင့် တတ်ရောက်လာကြသော ဆရာ၊ ဆရာမများ၊ မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး