ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားများသို့ တက်ရောက်ချီးမြှင့်

ဟားခါး စက်တင်ဘာ ၁၇

၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ဇနီးများ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကမ္ဘာ့အိုဇုန်းလွှာအထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲရှိ ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့လူသားများ၏ပင်ကိုယ်ဗီဇနှင့် သဘောသဘာဝအရ မိမိတို့၏လူနေမှုဘဝအဆင့်အတန်း တိုးတက်မြင့်မားလိုသည့်အတွက် နေ့စဉ် အသုံးပြုနေသည့် ရေခဲသေတ္တာများနှင့် လေအေးပေးစက်များသည် မရှိမဖြစ် အသုံးအဆောင်များဖြစ်ကြောင်း၊ ၎င်းပစ္စည်းများသည် သက်တောင့်သက်သာနေထိုင်နိုင်ရန် များစွာအထောက်အပံ့ဖြစ်စေသော်လည်း တစ်ဖက်တွင် ၎င်းပစ္စည်းများမှာ အသုံးပြုသည့် “ကလိုရိုဖလူရိုကာဗွန် ၊ ဟိုက်ဒရို ကလိုရို ဖလူရိုကာဗွန်” စသည့် ဓာတုဓာတ်ပစ္စည်းများကြောင့် အိုဇုန်းလွှာ ပါးလွှာပျက်စီးမှုဖြစ်ပေါ်နေသည်ကို သိပ္ပံပညာရှင်များက ၁၉၇၀ အလွန်ကာလများတွင် လေ့လာတွေ့ရှိခဲ့ကြောင်း ၊ အိုဇုန်းလွှာထိခိုက် ပျက်စီးစေသည့် ဒြပ်ပစ္စည်းဖြစ်သည့် စီအက်ဖ်စီ ( CFC ) ဓာတုဒြပ်ပေါင်းသည် အိုဇုန်းလွှာကို ပျက်စီး စေရုံသာမက ကမ္ဘာ့အပူချိန်ညွှန်းကိန်းများကိုလည်း ကာဗွန်ဒိုင်အောက်ဆိုဒ်၏ အဆပေါင်း ၁၀၃၀၀ ရှိကြောင်း၊ အိုဇုန်းလွှာသည် နေရောင်ခြည်နှင့်အတူပါလာသည့် အင်မတန်စွမ်းအင်မြင့်မားပြီး လူသားများကို အရေပြားပင်ဆာရောဂါနှင့် မျက်စိတိမ်စွဲမှုများ၊ ခုခံအားကျဆင်းမှုများ  ဖြစ်ပေါ်စေနိုင် သည့်အပြင် သီနှံအထွက်နှုန်းကျဆင်းမှု၊ အဏ္ဏဝါဂေဟစနစ်ပျက်စီးမှုများနှင့် ရုပ်ဝတ္ထုပစ္စည်း ယိုယွင်း ပျက်စီးမှုများစသည့် ကြီးမားသည့်အန္တရာယ်ဖြစ်စေနိုင်သည့် UV-B နှင့် UV-C ကို ကမ္ဘာမြေပေါ် မကျရောက်အောင် ထီးသဖွယ်ကာကွယ်ပေးထားသဖြင့် ကျွန်တော်တို့သက်ရှိ လောကအတွက် တန်ဖိုးမဖြတ်နိုင်သည့် သဘာဝအကာအရံတစ်ဖြစ်ကြောင်း၊ ထို့ကြောင့် အိုဇုန်းလွှာ ပျက်စီးယိုယွင်းမှု ကို ကမ္ဘာ့နိုင်ငံအားလုံး ပူးပေါင်းပြီး ထိန်းသိမ်းကာကွယ်နိုင်ရန် ၁၉၈၅ ခုနှစ်တွင် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း ချုပ်ဆိုခဲ့ပြီး ၁၉၈၇ ခုနှစ် ၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် “အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်” ချုပ်ဆိုခဲ့ကြောင်း ၊ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်၏ မူလရည်မှန်းချက် မှာ သိပ္ပံဆိုင်ရာသုတေသနပြုချက်များအရ အိုဇုန်းလွှာပျက်စီးစေသည့် အဓိကဒြပ်ပစ္စည်း စတင်တွေ့ရှိ ခဲ့သည့် ကလိုရိုဖလူရိုကာဗွန်သုံးစွဲမှုကို ၁၉၉၉ ခုနှစ်တွင် ထက်ဝက်အထိ လျှော့ချရန်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကနေတစ်ဆင့် အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်းလုပ်ငန်းစဉ်များတွင် ပြည်သူများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့”အတွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာ နှင့် “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အသိပညာပေး Video Clip ပြသပြီး ကမ္ဘာ့ အိုဇုန်းလွှာအထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်ကလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယရရှိသူများကို ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်က လည်းကောင်း ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများကို သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်းက လည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသူများအား အားပေးစကားပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ပြသထားသော ကမ္ဘာ့အိုဇုန်းလွှာအထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများ၏ စာစီစာကုံးများကို ကြည့်ရှုအားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)