ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ငရုပ်ခြောက် ၁၂၈၅ ဧက လျာထားစိုက်ပျိုးမည်

ပွင့်ဖြူ စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ငရုပ်ခြောက် ၁၂၈၅ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ငရုပ်ခြောက် ၁၂၈၅ ဧက လျာထားစိုက်ပျိုး မည်ဖြစ်ပြီး သတ်မှတ်စိုက်ဧက ပြည့်မီစေရန် ဒေသခံတောင်သူများက ယခုနှစ် အောက်တိုဘာလမှ စတင်၍ ဒီဇင်ဘာလအထိ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

“လာမဲ့ ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ငရုပ်ခြောက် ၁၂၈၅ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ သတ်မှတ်စိုက်ဧက ပြည့်မီအောင် စိုက်ပျိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တောင်သူတွေကိုလဲ ငရုပ်ခြောက်စိုက်ပျိုးတာနဲ့ ပတ်သက်ပြီး စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းဖို့ မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုးနိုင်ရေး၊ GAP နည်းစနစ်နဲ့ စိုက်ပျိုးနိုင်ရေး နည်းပညာပေးတာတွေ ဆောင်ရွက်ပေးသွားမှာပါ။ အစားအစာ ဘေးကင်းစေဖို့အတွက် ဓာတု ဓာတ်ကြွင်း အနည်းဆုံးဖြစ်အောင် ကျန်းမာရေးနဲ့ ကိုက်ညီအောင် စိုက်ပျိုးသွားနိုင်ဖို့အတွက် အသိပညာပေး လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်၌ ငရုပ်ခြောက်အပါအဝင် စားဖိုဆောင်သီးနှံစိုက်ပျိုး တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အရည်အသွေးပြည့်ဝသော သီးနှံများထွက်ရှိရေး၊ အထွက်နှုန်းတိုးတက်စေရေးအတွက် GAP စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းများ ပေးခြင်း၊ စိုက်ခင်းများမှ ထွက်ရှိလာသည့် သီးနှံများ ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရန် နည်းပညာများ ပေးခြင်း၊ အထွက်နှုန်းကောင်းသောမျိုးများ ရရှိစေရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တောင်သူများအနေဖြင့် ငရုပ်ခြောက်ကို အထွက်နှုန်းနှင့် အရည်အသွေး တိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ငရုပ်ခြောက်ကို ဒေသမရွေး ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )