နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

နတ်မောက် စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါပုံပြင်ပြောပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝင်မေထွန်း(စာကြည့်တိုက်မှူး)က ကျောင်းသား/သူများပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်ဝစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ နောင်တစ်ချိန်တွင် နိုင်ငံတော်က အားကိုးအားထားပြုရမည့် လူတော်လူကောင်း၊ လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင် ယှဉ်ပြိုင်နိုင်စွမ်းရှိလာစေရန် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲကိုကျင်းပရာ “တို့ပတ်ဝန်းကျင် စိမ်းလန်းဖို့ သစ်ပင်စိုက်ကြပါစို့” ခေါင်းစဉ်ဖြင့် အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)မှ ကျောင်းသား/သူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရဆုလက်ဆောင်များကို ပေးအပ်ဂုဏ်ပြု ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

လှဝင်း