တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

ထားဝယ်        စက်တင်ဘာ ၁၆

ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကိုယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ယခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားဆောင်ပုဒ်သည် အိုဇုန်းလွှာကာကွယ်ရေးသိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံးမြှင့်တင် ဆောင်ရွက်ပေး- From science to global action” ဖြစ်ပြီး ဆောင်ပုဒ်၏ ရည်ရွယ်ချက်အနေဖြင့် ကမ္ဘာပေါ်မှာဖြစ်ပေါ်နေသည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ ဖြေရှင်းရာတွင် သိပ္ပံပညာအရေးပါမှုကို မီးမောင်းထိုးပြသရန်ဖြစ်ကြောင်း၊ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၏ အိုဇုန်းလွှာပျက်စီးစေသောဒြပ်ပစ္စည်းများထိန်းချုပ်ရေးဆိုင်ရာ မွန်ထရီရယ် နောက်ဆက်တွဲ စာချုပ်များ အောင်မြင်မှုများဖြစ်သည့် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာသိပ္ပံနည်းကျ တွေ့ရှိချက်များကို အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများအသုံးပြုမှုရပ်ဆိုင်းခြင်းတို့ကို နိုင်ငံတကာတွင် ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းကို ဂုဏ်ပြုရန်ဖြစ်ကြောင်း၊ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်၏ ပဉ္စမမြောက်ပြင်ဆင်ချက်ဖြစ်သော ကီဂါလီပြင်ဆင်ချက်အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် အိုဇုန်းလွှာပျက်စီးစေသောဒြပ်ပစ္စည်းများနှင့် ကမ္ဘာ့ ပူနွေးမှုအလားအလာမြင့်မားသော ဟိုက်ဒရိုဖလူရိုကာဗွန် အမျိုးအစားအအေးပေးဒြပ်ပစ္စည်း သုံးစွဲမှုကို လျှော့ချထိန်းသိမ်းရန်နှင့် နောင်လာမယ့်နှစ် (၄၀) ကာလအတွင်းမှာ အိုဇုန်းလွှာကာကွယ် ထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မွန်ထရီရယ် စာချုပ်နှင့်. နောက်ဆက်တွဲ ပြင်ဆင်ချက်များကြောင့် အိုဇုန်းလွှာပါးလွှာမှုသည် ၂၀၀၀ ပြည့်နှစ်နောက်ပို်င်းတွင် ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း၊ သိပ္ပံပညာရှင်များ၊ နည်းပညာရှင် များ၏ စူးစမ်းလေ့လာရှာဖွေမှုတို့ကြောင့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများသုံးစွဲမှုအား လျှော့ချ၊ရပ်ဆိုင်းမှုများအရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့မှုကြောင့်ယခုအခါတွင်ပြန်လည်ကောင်းမွန်လာခြင်ဖြစ်ကြောင်း၊အနာဂတ် မျိုးဆက်များအတွက်သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို လက်ဆင့်ကမ်းနိုင်ရန် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများအပြင် အိုဇုန်းလွှာထိန်းသိမ်းခြင်းလုပ်ငန်းကလည်းများစွာအရေးပါသည့်အတွက်လူသားနှင့်သဘာဝပတ်ဝန်းကျင်တို့ဟန်ချက်ညီညီ အချင်းချင်းအကျိုးပြုနေထိုင် သွားရင်းကောင်းမွန်လှပသော အနာဂတ်ကို အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာဖတ်ကြားသည့် ဗီဒီယို၊ ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူး၏ သဝဏ်လွှာဖတ်ကြားသည့် ဗီဒီယို၊ ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေးဗီဒီယို ပြသနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် က ကြည့်ရှုအားပေးသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် သရုပ်ဖော်ပန်းချီပြိုင်ပွဲတွင်ဆုရရှိသူ များအားဆုချီးမြှင့်ပြီး ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)