အုတ်တွင်းမြို့နယ် ညောင်ခြေထောက်နယ်မြေရဲစခန်းတောင်ဘက် ရန်ကုန်-မန္တလေးကားလမ်းပေါ်ရှိ တံတားအမှတ် ၂/၁၃၅ သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေတိုက်စား၍ ပြိုကျပျက်စီး

အုတ်တွင်း စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်နယ်မြေရဲစခန်း၏တောင်ဘက် ညောင်လွင့်ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းပေါ်ရှိ တံတားအမှတ်၂/၁၃၅သည် ယမန်နေ့ညနေ ၃နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ရေတိုက်စား၍ ပြိုကျပျက်စီးခဲ့​​​​​ကြောင်း သိရပါသည်။

ရန်ကုန်-မန္တလေး ပုံမှန်ကားလမ်း မိုင်တိုင်အမှတ် ၁၃၄/၆နှင့် ၁၃၄/၇ ကြား တံတားအမှတ် ၂/၁၃၅ ကြောင်ပိန်လက်ခွဲတံတားပေ(၂၄×၆၀)သည် မိုးသည်းထန်စွာရွာသွန်းပြီး ရေစီးသန်မှုကြောင့် တံတားအောက်ခြေရေတိုက်စားပြီး တံတားအလယ်ခြမ်း(၂)ခန်း ပြိုကျပျက်စီးသွားသဖြင့် ကားကြီးများဖြတ်သန်းသွားလာ၍ မရကြောင်းနှင့် အဆိုပါနေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လမ်းဦးစီးဌာန၊ ရွှေကြယ်ကုမ္ပဏီတို့ကွင်းဆင်းစစ်ဆေး၍  ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုပြိုကျပျက်စီးသွားသည် တံတားနေရာတွင် ပေ (၁၈ ×၄၀)ဘေလီတံတားဆောက်လုပ်နိုင်ရေး သက်ဆိုင်ရာမှ စီစဉ်ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် အဆိုပါလမ်းအား ခေတ္တအသွားအလာဖြတ်တောက်ထားကြောင်းနှင့် လမ်းကြောင်းဖြတ်တောက်မှုမရှိစေရေးအတွက် ဖြူးဆာဂွန်းလမ်းဆုံ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (၁၁၅)မိုင်သို့လည်းကောင်း၊ အုတ်တွင်း-ပြည်-ပေါက်ခေါင်းလမ်းဆုံမှ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (၁၃၈) မိုင်သို့လည်းကောင်း မော်တော်ယာဉ်များ သွားလာအသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရပါသည်။

မြို့နယ် (ပြန်/ဆက်)