ဒိုက်ဦး စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ စက်ကွင်းရပ်ကွက်၊ မြို့ဝင်လမ်း Special Complete Education (SCE) ကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများ ရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် SCE ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ဒိုက်ဦးမြို့နယ် ပညာရေးမှူး ဦးမင်းကျော်ဉာဏ်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
အဆိုပါလူငယ်စကားဝိုင်းတွင် ကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး လူငယ်စကားဝိုင်းအား စတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်က ဦးဆောင်ပါဝင်ဆွေးနွေးကာ ကျောင်းသား၊ ကျောင်းသူငါးဦးတို့က လူငယ်နှင့်မူးယစဆေးဝါးအန္တရာယ်၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်အားကစား၊ စားသုံးသူအခွင့်အရေးနှင့် ကလေးသူငယ်အခွင့်အရေးအစရှိသည့် အကြောင်းအရာများအား ခေါင်းစဉ်အလိုက် ဆွေးနွေးသွားခဲ့ကြသည်။ အဆိုပါ လူငယ်စကားဝိုင်းပွဲသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ မိမိတို့သိရှိလိုသည့်အကြောင်းအရာများအား မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ကျောင်းသား၊ ကျောင်းသူလေးများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၁၈၂)ဦးတို့တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ၊ ရသ စာအုပ်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)