ရွှေကျင်မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့် စာအုပ်စာ‌စောင်ပြပွဲ ကျင်းပ

ရွှေကျင် စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပန်းဘဲတန်းရပ်ကွက်၊ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ပြုလုပ် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးမျိုးငြိမ်းက လူကုန်ကူးမှုခံရသူများနှင့်ပတ်သက်၍ လူကုန်ကူးမှုဖြစ်ပွားစေသော အဓိကအကြောင်းများ၊ လူကုန်ကူးသူများ အသုံးပြုသည့်နည်းလမ်းများ၊ လူကုန်ကူးခံရမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုခံရသူများ၏ ခံစားရသည့်ဒုက္ခများ စသည့်အကြောင်းအရာများကို ဟောပြောခဲ့‌သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူ‌လေးများအား အသိပညာ ဗဟုသုတတိုးပွားစေရန် လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သတ်သည့် သိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင်များအားပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)