သာယာဝတီ စက်တင်ဘာ ၁၆
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ (၁၆) ရက်နေ့ ယနေ့တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် (Worid Ozone Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဆရာစံခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သာယာဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးက အိုဇုန်းလွှာပျက်စီးယိုယွင်းမှုကို ထိန်းသိမ်းကာကွယ်နိုင်ရန် ကုလသမဂ္ဂမှ ၁၉၈၅ ခုနှစ်တွင် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကို လည်းကောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်၊ ဘေဂျင်း၊ လန်ဒန်နှင့် ကိုပင်ဟေဂင်ပြင်ဆင်ချက်များတွင် အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး အိုဇုန်းလွှာအဓိက ပျက်စီးစေတဲ့ ဟိုက်ဒရိုဘရိုမိုဖလူရိုကာဗွန် (HBFCs)၊ ဘရိုမိုကလိုရို မီသိန်း (CH2BrCl)၊ ကလိုရိုဖလူရိုကာဗွန် (CFCs)၊ ဟေလွန်၊ ကာဗွန်တက်ထရာကလိုရိုဒ် (CCl4) နှင့် မီသိုင်းဘရိုမိုဒ် (CH3Br) တင်သွင်းမှုတို့ကို အပြီးသတ် ရပ်ဆိုင်းနိုင်ခဲ့ပါကြောင်း၊ အိုဇုန်းလွှာပျက်စီးမှုမရှိစေဘဲ ရာသီဥတုပြောင်းလဲမှုကို မထိခိုက်စေသော အစားထိုးဓါတ်ငွေ့များ စွမ်းအင်ချွေတာနိုင်သော နည်းပညာများတို့ကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် အိုဇုန်းလွှာပျက်စီးမှု၊ ရာသီဥတု ပြောင်းလဲမှုနှင့်စားနပ်ရိက္ခာဆုံးရှုံးမှုကို တိုက်ဖျက်နိုင်မှာ ဖြစ်ပါကြောင်း စသည့်အကြောင်းအရာများကို ပြောကြားသည်။
ယင်းနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်သန္တာဖွေးက “၃၅ နှစ်တာ မွန်ထရီရယ် အောင်မြင်မှုခရီး- သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာလုံးနှင့်အဝှမ်းပူးပေါင်း ဆောင်ရွက်စို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ အိုဇုန်းလွှာမပျက်စီးအောင် မည်သို့ကာကွယ်ဆောင်ရွက်သင့်ကြောင်း၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ ထိန်းချုပ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများအကြောင်း၊ အိုဇုန်းလွှာပျက်စီး ခဲ့လျှင်ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်တွေ အကြောင်းများကို ဆွေးနွေးပြောကြားပြီး ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။
အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးကဲများနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)