ကျောက်ကြီးမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်

ကျောက်ကြီး၊ စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပဲခူးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ ဗန္ဓုလဆောင်ခန်းမတွင် ယနေ့ နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ပညာရေးမှူးရုံးနှင့် မြို့မရဲစခန်းတို့ပူးပေါင်းပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် အ.ထ.က ခွဲ ပဲခူးရပ်ကွက်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဥ်ယဥ်သွယ်မိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆွေဆွေမြင့်က မိမိဌာနအနေဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်ပြီး  လူကုန်ကူးမှုအန္တရာယ်နှင့် နောက်ဆက်တွဲဆိုးကျိုးများကို အများပြည်သူသို့ အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း၊ ယနေ့ နိုင်ငံတော်မှ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်၍ နိုင်ငံသားအားလုံးပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း အသိပေးဟောပြောပြီး၊ ကျောက်ကြီးမြို့မ ရဲစခန်းမှူး ဒုရဲမှူးနိုင်ဝင်းက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်ပြီး ယာဥ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးခြင်း၊ လမ်းစည်းကမ်းအား ယနေ့ကျောင်းသားလူငယ်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးဟောပြောပြီး၊ မြို့မရဲစခန်း ဒုတိယစခန်းမှူး ရဲအုပ်ဇော်မင်းသိန်းက ကျောင်းသားလူငယ်များအား လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းရှင်းလင်းဆွေးနွေးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းချခြင်းများ၏ ပြစ်မှုပြစ်ဒဏ်များ အကြောင်းအသိပညာပေးခြင်း၊ ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးကို ရှောင်ရှားပြီး လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်သင့်ကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး အ.ထ.က ခွဲ ပဲခူးရပ်ကျောင်းမှ ဆရာကြီး ဦးထက်ဝေလင်းက ကျေးဇူးတင်စကားပြောကြားပြီး အ.ထ.ကခွဲ ပဲခူးရပ် ကျောင်းသား/ ကျောင်းသူလေးများက ဓါးသွားပေါ်က ပျားရည်စက်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအကြောင်း အသိပညာပေး နံရံကပ်ဗီနိုင်းပိုစတာများဖြင့် ပြသရှင်းလင်းမှုအား ဟောပြောပွဲသို့တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲကို ကျောက်ကြီးမြို့မရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ အင်အား (၄၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)