ဖောင်းပြင် စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးအားကစားပြိုင်ပွဲကို မြို့နယ်အားကစားကွင်း၌ ယနေ့ညနေ ၃ နာရီအချိန်က ဖွင့်ပွဲအခမ်းအနားနှင့်တကွ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ဒိုင်လူကြီးများ၊ အားကစားကြီးကြပ်ရေးကော်မတီ၀င်များ၊ အားကစားသမားများက နိုင်ငံတော်အလံအား အလေးပြုကြပြီး အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန်ကို ရွတ်ဆိုသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်က အားကစားပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့ပြီး အားကစား ပြိုင်ပွဲကို စတင်ကျင်းပသည်။
ပြိုင်ပွဲတွင် ကွင်းဖွင့်ပွဲစဉ်အဖြစ် ပညာရေး FC အသင်းနှင့် မီးသတ် FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မီးသတ် FC အသင်းကပညာရေး FC အသင်းကို (၅)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါမြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) ဘောလုံး အားကစားပြိုင်ပွဲတွင် ဘောလုံးအသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဆုများနှင့် နေရာအလိုက်အကောင်းဆုံး ကစားသမားဆုများကို ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)