ဖောင်းပြင်မြို့နယ်လုံးဆိုင်ရာ အသံမစဲ မဟာပဋ္ဌာန်းပွဲနှင့် ဥပ္ပါတသန္တိရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဖောင်းပြင် စက်တင်ဘာ ၁၁

ဖောင်းပြင်မြို့နယ်လုံးဆိုင်ရာ အသံမစဲ မဟာပဋ္ဌာန်းပွဲနှင့် ဥပ္ပါတသန္တိရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁နာရီအချိန်က တောင်ဖီလာကျောင်းတိုက်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်သည်။ ဆက်လက်၍ ဝတ်အသင်းအဖွဲ့မှ ပဋ္ဌာန်းရောင်ခြည်တော်ဘုရားပင့်ဖြင့် ဘုရားရှင်အားပင့်လျှောက်ပြီး ဘုရားရှင်အားပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသသည့် တပ်မတော်တပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ အကျိုးတော်ဆောင်အဖွဲ့များ၊ ဝတ်အသင်းအဖွဲ့များမှ တတာဝန်ရှိသူတို့က ပဋ္ဌာနနာယကဆရာတော်ကြီးများအား ဩကာသကန်တော့ချိုးဖြင့် ညီညာ ဖျဖျကန်တော့ကြပြီး မြို့နယ်ဩဝါဒစရိယဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ အနန္တစကြာဝဠာမှ အနန္တနတ်ဗြဟ္မာအပေါင်းတို့အား ဝတ်အသင်းအဖွဲ့မှ နတ်ပင့်စာတမ်းရွတ်ဖတ် ာ ပင့်ဖိတ်ကြသည်။

ဆက်လက်၍ ဖောင်းပြင်မြို့နယ်၊ သံဃနာယအဖွဲ့ကဥက္ကဋ္ဌဆရာတော်ထံမှ အသံမစဲမဟာပဋ္ဌာန်းပွဲ နှင့် ဥပ္ပါတသန္တိရွတ်ဖတ်ပူဇော်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ဩဝါဒကထာများ နာယူကြည်ညို ကြပြီး ဗုဒ္ဓမြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော အနန္တခေါ်မှန်း ပဋ္ဌာန်းမြတ်ဒေသနာတော်ကို ရွတ်ဖတ်ပူဇော်တော်မူပါရန် တောင်းပန်သော ပဋ္ဌာန်းတရားတောင်းအား ဝတ်အသင်းအဖွဲ့က ရွတ်ဖတ်လျှောက်ထားကာ အသံမစဲမဟာပဋ္ဌာန်းပွဲကို စတင်ရွတ်ဖတ်ပူဇော်သည်။

အဆိုပါအသံမစဲမဟာပဋ္ဌာန်းပွဲနှင့် ဥပ္ပါတသန္တိရွတ်ဖတ်ပူဇော်ပွဲကို ၁၁-၉-၂၀၂၅ရက်နေ့မှ ၁၄-၉-၂၀၂၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး သံဃာတော်အရှင်သူမြတ် အပါး ၇၀ ရွတ်ဖတ်ပူဇော်ကာ သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းခဲဖွယ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် လုံခြုံရေးအဖွဲ့များက ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)