လွိုင်ကော် စက်တင်ဘာ ၁၆
နယ်စပ်ရေးရာဝန်ကြီးဌာနက ကယားပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် ပြည်သူနေအိမ်များအတွက် ထောက်ပံ့သည့်ငွေများပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်နှင့်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဌာနဆိုင်ရာများ၊ ပြည်သူများနှင့် ပူးပေါင်း၍ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနက ပြည်နယ်အတွင်းအကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် ပြည်သူနေအိမ်များအတွက် ပျက်စီးမှုအဆင့်အလိုက်ထောက်ပံ့ငွေများကိုပေးအပ်ခြင်းဖြစ်ပြီး နေအိမ်ပျက်စီးခဲ့သည့် ပြည်သူများအတွက်တစ်ဖက်တစ်လမ်းမှ အကူအညီဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်ဝင်ရောက် နေထိုင်သည့်ပြည်သူများ စနစ်တကျ နေထိုင်နိုင်ရေးအတွက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကိုအလေးထား စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ရပ်ကွက်၊ ကျေးရွာများတွင် သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဘာသာရေးဆိုင်ရာကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးစသည့် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိတို့၏ မူလအသက်မွေးဝမ်းကျောင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေး ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက် သောင်းကျန်းမှုချုပ်ငြိမ်းရေး လုပ်ငန်းစဉ်များတွင် တာဝန်ရှိသူများနှင့်အတူ ပြည်သူများအားလုံးက လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်က နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ နယ်စပ်ဒေသနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မင်းစု၊ ဒေါနိုးကူးနှင့် မြေနီကုန်း ရပ်ကွက်များရှိ ပျက်စီး နေအိမ်(၁၁၀)လုံးအတွက် ထောက်ပံ့ငွေများကို လည်းကောင်း၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်ဖြိုးသန့်က နောင်ယား(က)၊ မင်္ဂလာနှင့် ဒေါတမရပ်ကွက်ရှိ ပျက်စီးနေအိမ် (၁၀၂)လုံးအတွက် ထောက်ပံ့ငွေများကိုလည်းကောင်းပေးအပ်ရာ ကိုယ်စားလှယ်အသီးသီးက လက်ခံရယူကြသည်။
ဆက်လက်၍ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များက ဈေးပိုင်း၊ နမ့်ဘော်ဝမ်(က) ၊ နမ့်ဘော်ဝမ် (ခ)၊ ဒေါဥခူ၊ ရွှေတောင်၊ နာနတ်တော၊ လောဓမ္မ၊ ထေးသမ၊ ဓမ္မာရုံ၊ နမ့်ကွတ်၊ နောင်ယား(ခ)၊ နာနတ်တော၊ မိုင်းလုံးနှင့် ရှမ်းစုရပ်ကွက်များရှိ ပျက်စီးနေအိမ် (၃၈၈)လုံးအတွက် ထောက်ပံ့ငွေများကို အသီးသီးပေးအပ်ရာ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြပြီး နေအိမ်ပျက်စီးခဲ့ရသော ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာသည့် ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ပြီးပြည်သူများက အခက်အခဲများ၊ ကူညီဖြည့်ဆည်းပေးရန် များအား တင်ပြကြရာဆောင်ရွက်ပေးမည့် အခြေအနေများအား ပြန်လည်ပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ယနေ့အခမ်းအနားတွင် လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင်အကြမ်းဖက်ဖြစ်စဉ်များကြောင့်အလုံးစုံ ပျက်စီးနေအိမ် ၄၃၃ လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် ၁၆၇ လုံး စုစုပေါင်း နေအိမ် ၆၀၀ လုံး အတွက် ငွေကျပ် ၂၆၆၆ သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)