ကော့သောင်း စက်တင်ဘာ ၁၆
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်တွင်ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို စက်တင် ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမတွင် ကျင်းပရာ အခမ်း အနားသို့ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ ကော့သောင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် အထက(၁)ကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြသည်။ ယင်းနောက် ခရိုင်ပညာရေးမှူး ဆရာမကြီးဒေါ်ဝင်းမာက မိမိတို့ စုဝေးနေထိုင်ရာ ကမ္ဘာကြီးသည် သက်ရှိများ မှီခိုအားထားရာ တစ်ခုတည်းသော နေရာတစ်ခုဖြစ်ပါကြောင်း၊ ရာသီဥတုကောင်းမွန်မျှတသည့် ကမ္ဘာကြီးဖြစ်လာစေရန်နှင့် ပတ်ဝန်းကျင်ဂေဟစနစ်ကောင်းများကို အနာဂတ်မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်း အမွေပေးနိုင်ရန် သက်ရှိများနှင့် သဘာဝ ပတ်ဝန်းကျင်ကို ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးနေသည့် အိုဇုန်းလွှာ၏တန်ဖိုးကို သိမြင်ပြီး ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် “ From science to global action" အိုဇုန်းလွှာကာကွယ်ရေးသိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံးမြှင့်တင်ဆောင်ရွက်ပေးဆိုသည့် ဆောင်ပုဒ်အတိုင်း အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို မိမိတတ်နိုင်သည်မှစ၍ အားလုံးကိုယ်စီ ပါဝင်ဆောင်ရွက်ပေးကြပါရန်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ် (UNEP)ဗီဒီယိုနှင့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး ဗီဒီယိုများပြသခဲ့ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသူရဇော်က “အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံး မြှင့်တင်ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် အိုဇုန်းလွှာဖြစ်ပေါ်လာပုံ၊ အိုဇုန်းလွှာ၏ အရေးပါဝင်ပုံ၊ အိုဇုန်းလွှာပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊အိုဇုန်းလွှာလျှော့နည်းပျက်စီးရသည့်အကြောင်းအရင်း၊ အိုဇုန်းလွှာအားကာကွယ်ရန် နည်းလမ်းများ စသည့်အကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့သည်။
ယင်းနောက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား တာဝန်ရှိသူများကဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။ ယင်းနောက်ကျောင်းသား၊ ကျောင်းသူလေးများက အိုဇုန်းလွှာကာကွယ်ရေး တေးသရုပ်ဖော်ဖြင့် ဖျော်ဖြေခဲ့ကြပြီး အခမ်းအနားအပြီးတွင် စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)