ကျွန်းလှမြို့နယ်၌ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေးဆွေးနွေး

ကျွန်းလှ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက တပ်ကုန်းကျေးရွာ၌ ကျင်းပသည်။

ဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်လှကြိုင်နှင့် မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ရီတို့က ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့်နည်းလမ်းများနှင့် အညီစိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ပြီး ပိုးမွှားကျရောက်မှုကင်းစင်ရေးတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးပညာရှင်များက ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ စပါးမျိုးများ ပြေားလဲစိုက်ပျိုးရေး၊ စပါးမျိုးစေ့ ဆားရည်စိမ်စိုက်ပျိုးခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ ဘက်တီးရီးယား ရွက်ခြောက်ရောဂါ ကာကွယ်ရေးနည်းလမ်းများ၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိန်ကိုက်စနစ်တကျသုံးစွဲရေးတို့ကို အကြံပြုဆွေးနွေးကြသည်။

ယင်းနောက် တောင်သူများအားမှိုနှင့် ဘက်တီးရီးယား သတ်ဆေးမှုန့်၊ ပိုတက်(ရှ်) ဓာမြေဩဇာနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပြီး စပါးစိုက်ခင်းအတွင်း သဘာဝနောက်ချေးအရည်ပက်ဖျန်းခြင်း၊ ဓာတ်မြေဩဇာနှင့် သဲရောစပ်ပြီး ကြဲပက်ခြင်း သရုပ်ပြသခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)