ရွှေသောင်ယံ၌ ခရုအလှဆင် လက်မှုပညာ သင်တန်းဆင်းပွဲကျင်းပ

ရွှေသောင်ယံ ဒီဇင်ဘာ ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင်ခရုခွံအလှဆင် လက်မှုပညာသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် ပြုလုပ်ခဲ့သည်။


သင်တန်းဖွင့်လှစ်ခြင်းဖြင့် ဒေသနေပြည်သူများမှာ မိမိတို့ပင်လယ်ကမ်းခြေရှိ ဒေသထွက် ခရုခွံ၊ ဂုံးခွံများဖြင့် အလှပစ္စည်းအမျိုးမျိုးကို ပြုလုပ်တတ် လာသည့်အတွက် ပင်လယ်ထွက် စွန့်ပစ်ပစ္စည်းများမှ ဝင်ငွေရရှိမည်ဖြစ်ပြီး ကုန်ကြမ်းမှကုန်ချောသို့ တီထွင်ကြံဆမှု နည်းလမ်းသစ်များ ရှာဖွေပြီး ကိုယ်ပိုင်တီထွင်ကြံဆမှု စွမ်းရည်များ တိုးတက်မြင့်မား လာစေမည်ဖြစ်ကြောင့် စီးပွားရေးနှင့် ကြံရည်ဖန်ရည်များ တိုးတက်စေသည့် သင်တန်းတစ်ခု ဖြစ်ကြောင်းသိရသည်။

အဆိုပါ ခရုအလှဆင် သင်တန်းကို ဒီဇင်ဘာလ (၃)ရက်‌‌နေ့မှ(၂၁)နေ့အထိ ရွှေသောင်ယံမြို့ အမှတ်(၂)ရပ်ကွက်ရှိ အသောကာရာမကျောင်းတိုက် ဓမ္မာရုံ၌ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့မြင်ကွင်း ဖောင်းဒေးရှင်း အဖွဲ့(WIF)မှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့ကြောင်းနှင့် သင်တန်းကို သင်တန်းသားဦးရေ(၂၁)ဦး နည်းပြဆရာ(၂)ဦးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုကိုမောင်(ပြန်/ဆက်)