မကွေးမြို့၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

 မကွေး စက်တင်ဘာ ၁၆

၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တာ်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်၀န်ကြီးများနှင့် ဇနီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆရာ/ဆရာမများနှင့် ဆုရကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချူပ် ဦးတင့်လွင့်က အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားကို တိုင်းဒေသကြီးအတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူများ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာများရရှိစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာ “အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံးမြှင့်တင်ဆောင်ရွက်ပေး”(From Science to Global Action)ဖြစ်ကြောင်း၊ အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအတွက် ရိုးရှင်းထိရောက်သောနည်းလမ်းများကို လိုက်နာကျင့်သုံးကြရမည်ဖြစ်ကြောင်း၊ အနာဂတ်မျိုးဆက်သစ်များအား ကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးနိုင်ရန် အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ခြင်းနှင့်အတူ ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်းလုပ်ငန်းစဉ်များတွင် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ သုတေသနပညာရှင်များနှင့် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာဗီဒီယိုပြသခြင်း၊ ၂၀၂၅ ခုနှစ်၊ ကုလသမဂ္ဂပတ်၀န်းကျင်အစီအစဉ် (UNEP)အမှုဆောင်ညွှန်ကြားရေးမှူး၏ ဗွီဒီယိုပြသခြင်း၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဗီဒီယိုတို့ကိုပြသခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်တက္ကသိုလ်အဆင့် အလွတ်တန်းဆောင်းပါးပြိုင်ပွဲ၊ အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဆိုင်ရာ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ ပြိုင်ပွဲဝင်ဆုရ စာစီစာကုံးများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)