ပခုက္ကူ စက်တင်ဘာ ၁၆
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ ယနေ့ နံနက် ၈ နာရီအချိန်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဦးက ကလေးသူငယ်၏အဓိပ္ပာယ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများ၊ ရှေးဦးအရွယ်ကလေးသူငယ်များ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များအကြောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က အလုပ်နေရာအများစု၌ တွေ့မြင်နေရသော ကလေးအလုပ်သမားများ၊ အလုပ်လုပ်ကိုင်နိုင်သော ကလေးအလုပ်သမား၏ အသက်အရွယ်၊ အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ၊ ကလေးအလုပ်သမားများ၊ ကလေးအလုပ်သမားလျော့နည်း ပပျောက်ရေး ဝိုင်းဝန်းဆောင်ရွက်ရမည့် နည်းလမ်းများအကြောင်း တို့ကို အသိပညာပေး ဟောပြောကြသည်။
အဆိုပါ ဟောပြောပွဲတွင် ပခုက္ကူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး ဟောပြောမှုအပေါ် သိရှိလိုသည်များ မေးမြန်းကာ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)