မြိတ်မြို့တွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မြိတ် စက်တင်ဘာ ၁၆

၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြင်းမိုရ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ စက်တင်ဘာ ၁၆ ရက်နံနက် ၉ နာရီခွဲက မြိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့သည်။

အထိမ်းအမှတ် အခမ်းအနားတွင် မြိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်လွင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP)၏ ပညာပေးဗီဒီယို၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး ဗီဒီယိုတို့ကို ပညာပေးပြသသည်။

ဆက်လက်၍ မြိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါ်နှင်းယုလွင်က ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ဖြစ်သော “အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံး မြှင့်တင်ဆောင်ရွက်ပေး” ဟူသောခေါင်းစဉ်ဖြင့် အိုဇုန်းလွှာအကြောင်း၊  အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်း များအကြောင်းနှင့် အိုဇုန်းလွှာထိခိုက်ပျက်စီးခြင်း၏ အကျိုးသက်ရောက်မှုများ၊ အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရန် နည်းလမ်းများကို အသိပညာပေးပြောကြားသည်။

ထို့နောက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား  ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်လွင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး မြင်းမိုရ်ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးတင်မောင်ဆွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အထိမ်းအမှတ်အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး တက်ရောက်လာကြသူများအား ပညာ‌ပေးလက်ကမ်း စာစောင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)