ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက် ဧက ၄၈၀ အထိ သိမ်းဆည်းပြီးစီး တစ်ဧကလျှင် ပိဿာချိန် ၃၅၀၀ ကျော် ထွက်ရှိ

ပွင့်ဖြူ စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက် ဧက ၄၈၀ အထိ သိမ်းဆည်းပြီးစီးပြီဖြစ်ကာ တစ်ဧကလျှင် ဟင်းသီးဟင်းရွက် ပိဿာချိန် ၃၅၀၀ ကျော်ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရေးအတွက် ဟင်းသီးဟင်းရွက်သီးနှံစုံ ၁၈၆၅ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်စိုက်ခင်းများကို ယခုနှစ် ဩဂုတ်လမှ စတင်ဆွတ်ခူးသိမ်းဆည်းခဲ့ရာ ယနေ့တွင် ဧက ၄၈၀ အထိ သိမ်းဆည်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ဟင်းသီးဟင်းရွက် ၃၅၂၅ ပိဿာ ထွက်ရှိကြောင်း သိရသည်။

“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စားနပ်ရိက္ခာဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့ရည်ရွယ်ပြီး ဟင်းသီးဟင်းရွက် ၁၈၆၅ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေကို ယခုနှစ် ဩဂုတ်လမှ စတင်ဆွတ်ခူးသိမ်းဆည်းလျက်ရှိရာ ဒီနေ့အထိ ဧက ၄၈၀ လောက် သိမ်းဆည်းပြီးစီးပြီဖြစ်ပါတယ်။ မိုးသီးနှံရာသီမှာ စိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်သီးနှံတွေကို စားသုံးသူပြည်သူတွေ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းစေဖို့ ဓာတုဓာတ်ကြွင်းအနည်းဆုံးနဲ့ ကျန်းမာရေးနဲ့ကိုက်ညီအောင် စိုက်ပျိုးနိုင်ဖို့ တောင်သူတွေကို နည်းပညာပေးတာတွေ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီက ဒေသတွင်းရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သီးနှံများ အထွက်နှုန်းတိုးတက်စေရေးနှင့် အစားအစာဘေးကင်းသော အရည်အသွေးပြည့်ဝသည့် သီးနှံများထွက်ရှိရေးအတွက် GAP နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး နည်းပညာသင်တန်းများပေးခြင်း၊ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်းနှင့် သီးနှံပိုးမွှားကျရောက်မှုကင်းဝေးစေရေး နည်းပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟင်းသီးဟင်းရွက်သီးနှံများကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်သောကြောင့် ဟင်းသီးဟင်းရွက်သီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးရန် ဒေသမရွေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)