ငဖဲ စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ငဖဲမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအကြို အခြေခံပညာအထက်တန်းဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ငဖဲမြို့နယ် ပဒါန်းအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပဒါန်းအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမိုင်မျိုးမျိုးဆန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထဖြစ်ပေါ်လာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် ဗလငါးတန်ပြည့်စုံစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအကြို အခြေခံပညာအထက်တန်းဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပဒါန်းအခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ဇင်မျိုးသူက ပြိုင်ပွဲဝင်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး အခြေခံပညာအထက်တန်းဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ “လူငယ်နှင့်စာပေ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ စာအုပ်စာပေလူ့မိတ်ဆွေ၊ စာကြည့်တိုက်မှာ ပညာရှာနှင့် အလိမ္မာစာမှာရှိ”ခေါင်းစဉ် ၅ မျိုးဖြင့် ပဒါန်း(အ.ထ.က)နှင့် သာယာကုန်း (အ.ထ.က)တို့မှ ကျောင်းသား၊ ကျောင်းသူ (၁၈)ဦးတို့က အားမာန်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ပြသထားရှိသော အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများကို စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားတွင် ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)