ကန့်ဘလူ စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရရှိစေရေးရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲတွင် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိသင်းက ကျောင်းသားကျောင်းသူများအနေဖြင့် အောင်မြင်တိုးတက်သူတစ်ယောက်ဖြစ်ဖို့ နေ့စဥ်စာဖတ်ဖို့လိုကြောင်း၊ အနာဂတ်မှာ မိမိဘာဖြစ်ရမည်ဆိုသည့် ရည်မှန်းချက်ထားပြီး ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာအုပ်စာပေများကို ဖတ်ရှုကြဖို့၊ စာဖတ်ခြင်းက ယဥ်ကျေးသိမ်မွေ့ပြီး တိုးတက်မည့်နည်းလမ်းကောင်းများ ရရှိနိုင်ကြောင်းတို့ကိုလည်းကောင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများနှင့် စားသုံးသူ၏ အခွင့်အရေး( ၈)ချက်တို့ကိုလည်းကောင်း ဆွေးနွေးဟောပြောကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)