သရက်မြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

သရက် စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်းကို ယနေ့ နံနက် (၉)နာရီက သရက်ခရိုင်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် သရက်ခရိုင်အတွင်း မြို့နယ်အလိုက် စိမ်းလန်းစိုပြည်ပြီး သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရေး၊ ရာသီဥတုပြောင်းလဲမှုများကို လျှော့ချနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်များ ထိန်းသိမ်းနိုင်ရေး၊ မြို့သန့်ရှင်းသာယာလှပရေး၊ လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေး၊ မြစ်ကြောင်းတစ်လျှောက် စိမ်းလန်းစိုပြည်ရေး၊ တောမီးနှင့် အခြားမီးများကြောင့် Hotspot အရေအတွက် များပြားနေခြင်းများကို လျှော့ချရေး၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်နိုင်ရေး၊ ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေတစ်ရပ်ပေါ်ပေါက်လာပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အိုဇုန်းလွှာကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုတစ်ရပ်လုံး တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏သဝဏ်လွှာ ဗီဒီယိုပြသခြင်း၊ ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာအစီအအစဉ်(UNEP)အမှုဆောင်ညွှန်ကြားရေးမှူး၏ ဗီဒီယိုပြသခြင်း၊ ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဗီဒီယိုများပြသခဲ့ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)