သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

တောင်တွင်းကြီး စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။

အဆိုပါ  အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်မိုမိုဇင်က သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး သဘာဝဘေးအန္တရာယ် (၉)ဘေးရှိကြောင်း၊ မုန်တိုင်းဘေး အသိပညာပေးအကြောင်းအရာများ၊ မုန်တိုင်းနှင့်ပတ်သက်ပြီး အရောင် (၅) ရောင်ရှိကြောင်း၊ သဘာဝကြောင့်ဖြစ်သော ဘေးအန္တရာယ်များ၊ လူကြောင့်ဖြစ်သောဘေးအန္တရာယ်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များ၊ လိုက်နာဆောင်ရွက်ရန်/သတိပြုရန်/ ရှောင်ရှားရန်အချက်များကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကာ အမျိုးသမီးရေးရာအဖွဲ့၊ အဖွဲ့ဝင် ဒေါ်ဆုမြတ်မွန်နှင့် တက်ရောက်လာကြသူများက တောင်တွင်းကြီးမြို့နယ်အတွင်း ဖြစ်ပွားမှုအများဆုံးရှိသည့် သဘာဝဘေးအန္တရာယ်များအကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခွန့်ခွဲရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခိုင်မိုမိုဇင်နှင့် ဝန်ထမ်းများ၊ တောင်ပြင် (၂) မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့သည်။

နောင်နောင် (ဗိဿနိုးမြေ)