ဆင်ပေါင်ဝဲမြို့ မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့ပေါ်ရပ်ကွက်များ၌ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး အသိပညာပေး ဟောပြော

ဆင်ပေါင်ဝဲ စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန် ယနေ့ နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များသို့သွားရောက်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဆန်းဝင်း လမ်းညွှန်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးချစ်ထွေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးလောင်ကျွမ်းမှုမဖြစ်ပေါ်စေရေးတို့အတွက် မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသော မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့် မီးသတ်ဆေးဘူး စသော မီးဘေးကာကွယ်ရေးပစ္စည်းများ အသင့်ထားရှိရေး၊ လောင်စာဆီများ သိုလှောင်ခြင်းမပြုရန်၊ တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများ အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျ မီးငြှိမ်းသတ်ကြရန် စသည့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များအား ကွင်းဆင်းစစ်ဆေးအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)