တမူး စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်သို့ CEPS ကိုယ်ပိုင်အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ယနေ့ နံနက်(၉)နာရီအချိန်က လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါလာရောက်လေ့လာရာတွင် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်မာမာဝင်းက ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ရရှိလာစေရန် ကျောင်းစာပေ အပြင် ပြင်ပဗဟုသုတဖြစ်စေမည့် စာအုပ်စာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့် အကျိုးကျေးဇူးများစွာရရှိလာမည်ဖြစ်ကြောင်း၊ ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များထားရှိမှု အခြေအနေများ၊ ပြည်သူ့စာကြည့်တိုက်ရှိစာအုပ်များကို အွန်လိုင်းမှတဆင့် ဖတ်ရှုလေ့လာနိုင်ရန်အတွက် ပြည်သူ့စာကြည့်တိုက် Websiteလွှင့်တင်ထားရှိမှု အခြေအနေများနှင့် မိမိတို့ဌာန၏ ရည်မှန်းချက်တာဝန်များနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်များ ဖတ်ရှုလေ့လာခြင်း၊ အသင်းဝင်ကဒ်များပြုလုပ်ပေး၍ စာအုပ်များငှားရန်းပေးခြင်းနှင့် သိရှိလိုသည့် မေးမြန်းချက်များကို ဝန်ထမ်းများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဟောပြောပွဲများ ဆောင်ရွက်ပေးနေသည့်အပြင် အပတ်စဉ်စာပေချစ်မြတ်သူများနှင့်စာဖတ်ဝိုင်းများ၊ အွန်လိုင်းမှတဆင့်စာအုပ်မိတ်ဆက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး လူထုအခြေပြုဗဟိုဌာနတွင်လည်း ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ အင်္ဂလိပ်စကားပြော သင်တန်း၊ ပန်းချီသင်တန်း၊ တံဆိတ်ရိုက်နည်းသင်တန်းများနှင့် အခြားအသက်မွေးဝမ်းကျောင်း ပညာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရတနာ