ဒေးဒရဲ စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန် စေရေးရည်ရွယ်၍ တိုင်းဒေသကြီးဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တမာတကော ကျေးရွာနှင့်တူးမြောင်းကျေးရွာ၊ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယမန်နေ့က မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းစစ်ဆေးရာတွင် ကျေးလက်နေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း(၁၅၀)ဖြင့် ဆောင်ရွက်လျက်ရှိသည့် အရှည် (၂၆၂၅) ပေ၊ အကျယ် (၁၂)ပေ၊ ထု (၆)ပေရှိ တမာတကော ကျေးရွာနှင့် တူးမြောင်းကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်အရည်အသွေးနှင့် အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
၎င်းကျေးရွာချင်းဆက် ကွန်ကရစ်လမ်းပြီးစီးပါက တမာတကော ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရာသီမရွေး သွားလာနိုင်ပြီး ဒေသထွက်ကုန်များအား ကုန်လမ်းခရီးသယ်ယူပို့ဆောင်နိုင်မည်ဖြစ်ပြီး ကျေးရွာပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း