အုတ်တွင်း စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရေးနှင့် ကလေးအလုပ်သမားများခိုင်းစေမှုမှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ စက်တင်ဘာ ၉ ရက် နံနက် (၁၀)နာရီအချိန်က အ.မ.က(မူလွန်) နတ်စဉ်ကုန်းကျောင်းနှင့် မွန်းလွဲ(၁)နာရီအချိန်က အ.မ.က(မူလွန်) ကွမ်းသီးခြံကျောင်းများသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်မာက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးငယ်များအား ကိုယ်ကာယဉာဏစွမ်းရည်များဖွံ့ဖြိုးတိုးတက်စေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများ ရရှိစေရန်ရည်ရွယ်ကာ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်၍ ကလေးငယ်များအား ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်များဖြင့် ပုံပြင်ပြောပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)