ဒိုက်ဦးမြို့နယ် ဖောင်တော်သီအခြေခံပညာအထက်တန်းတွင် လူငယ်စကားဝိုင်းကျင်းပ

ဒိုက်ဦး စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီကျေးရွာ အခြေခံပညာအထက်တန်း‌ကျောင်းတွင် လူငယ်များ အသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများ ရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စက်တင်ဘာ ၁၀ ရက်နံနက်ပိုင်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖောင်တော်သီကျေးရွာ၊ အခြေခံပညာအထက်တန်း‌ ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်စိန်စိန်သန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းတွင် ကျောင်းသား/ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး လူငယ်စကားဝိုင်းအား စတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင် ပါဝင်ပြီး Grade(11)မှ ကျောင်းသား မောင်ကောင်းထက်ပိုင်က လူငယ်နှင့်မူးယစ်‌ဆေးဝါးအန္တရာယ်၊ Grade(10)မှ မခင်ရတနာစိုးက လူငယ်နှင့်ကျန်းမာရေးကဏ္ဍ၊ Grade(10)မှ ကျောင်းသူ မောင်မြင့်မိုရ်က လူငယ်နှင့်‌‌စာဖတ်ခြင်း၊ Grade(10)မှ‌ ကျောင်းသူမဆုရတီထွန်းက ကလေးသူငယ်အခွင့်အရေး၊ Grade(11)မှ‌ မောင်ထက်လင်းအောင်က လူငယ်နှင့်အားကစား အစရှိသည့်အကြောင်းအရာများအား ခေါင်းစဉ်အလိုက် ဆွေးနွေးသွားခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများမှ မိမိတို့သိရှိလိုသည့်အကြောင်းအရာများအား မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဥ်အလိုက် ကျောင်းသား/ကျောင်းသူလေးများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၂၅၀)ဦးတို့ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ၊ ရသ စာအုပ်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများမှ စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်

မြို့နယ် (ပြန်/ဆက်)