လေရှီးမြို့တွင် မြို့နယ်ပညာရေးမှူးဖလား ကျောင်းအဆင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

လေရှီး စက်တင်ဘာ ၁၃

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် မိုးရာသီအထိမ်းအမှတ် မြို့နယ်ပညာရေးမှူးဖလား ကျောင်းအဆင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ‌နှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို မြို့နယ်စာပေနှင့်ယဉ်ကျေးမှုကော်မတီအားကစားကွင်း၌ ယနေ့ညနေ ၄ နာရီ ၃၀ မနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲကို စက်တင်ဘာလ (၁၀) ရက်နေ့က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက် (၉) နာရီအချိန်တွင် အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲများ ဆက်လက်ကျင်းပပြုလုပ်လာခဲ့ရာ  အထက်တန်းအဆင့်အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် အနော်ရထာအသင်းနှင့် ဗန္ဓုလအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာတွင် ‌အနော်ရထာအသင်းက အနိုင်ရဗိုလ်စွဲခဲ့ကြောင်း၊ အလယ်တန်းအဆင့် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင်လည်း အနော်ရထာအသင်းနှင့် ဗန္ဓုလအသင်း တို့ယှဉ်ပြိုင်ကစားကြရာတွင်လည်း အနော်ရထာအသင်းကအနိုင်ရဗိုလ်စွဲခဲ့ကြောင်း၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ကျန်စစ်သားအသင်းနှင့် ဗန္ဓုလအသင်းတို့ ယှဉ်ပြိုင်ကစားကြရာတွင် ကျန်စစ်သားအသင်းက အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။

ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် အထက်တန်းအဆင့် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသော ‌အနော်ရထာအသင်း၊ ဒုတိယဆုရ ဗန္ဓုလအသင်း၊ တတိယဆုရ ဘုရင့်နောင်အသင်းများအား  ဆု‌ကြေးများနှင့်တံခွန်စိုက်ဆုကြီးများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်ကလည်းကောင်း၊ အလယ်တန်းအဆင့် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသော ‌အနော်ရထာအသင်း၊ ဒုတိယဆုရ ဗန္ဓုလအသင်း၊ တတိယဆုရအ‌လောင်းဘုရားအသင်းများအား ဆုကြေးနှင့် တံခွန်စိုက်ဆုကြီးများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူးရဲမှူးမောင်မောင်လွင်ကလည်းကောင်း၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသော ‌အနော်ရထာအသင်း၊ ဒုတိယဆုရ ဗန္ဓုလအသင်း၊ တတိယဆုရ အလောင်းဘုရားအသင်းများအား မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းဌေးကလည်းကောင်း၊ တစ်ဦးချင်းအကောင်းဆုံး ဆုတံဆိပ်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် စီမံကိန်းရေးစွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူသူဝင်း၊ အ.ထ.က (လေရှီး) ကျောင်းအုပ်ကြီး ဒေါ်စာရာမေရိသေး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှသန်းတို့က ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး၊ အထကကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြည့်ရှုအားခဲ့ကြကြောင်း သိရသည်။

လေရှီး (ပြန်/ဆက်)