မြန်အောင် စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်က မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ကျေးရွာစာကြည့်တိုက်များအတွက် ပေးပို့လှူဒါန်းသော သုတရသစာအုပ်များကို မြို့နယ်ကျေးရွာစာကြည့်တိုက်သို့ ထပ်ဆင့်ပေးအပ်လှူဒါန်းပွဲနှင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြန်အောင်မြို့နယ် စာရေးဆရာအသင်းနာယက ဦးသန်းညွန့်(ဇင်မင်း-သမိန်ထော)က အဖွင့်အမှာစကားပြောကြားပြီး မြန်အောင်မြို့နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးနေဝင်း(နေဝင်းဝင်း-လွန်ဆေး)က ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှရရှိသော စာအုပ်များခွဲဝေလှူဒါန်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ ပေးပို့လှူဒါန်းသော စာအုပ်များကိုပေးအပ်ရာ သပြေကုန်းကျေးရွာ ပညာရတနာစာကြည့်တိုက်၊ တာခွတဲကြီးကုန်းကျေးရွာ ဘိုးရာဇာ စာကြည့်တိုက်၊ အင်ပင်မြို့ ကြီးပွားရေးစာကြည့်တိုက်၊ မြန်အောင်ရေနံမြေစာကြည့်တိုက်၊ ရွှေပြည်သာရေနံမြေစာကြည့်တိုက်နှင့် ကနောင်မြို့ ကမ္ဘာကြည့်စာကြည့်တိုက်နှင့်ရသအောင်မြေ စာကြည့်တိုက်တို့မှ စာကြည့်တိုက်တာဝန်ခံများအား မြို့နယ်စာရေးဆရာအသင်း နာယက ဦးသန်းညွန့်၊ မြို့နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးနေဝင်း၊ မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ ဦးဇော်မင်းထွန်းတို့က ပေးအပ်ခဲ့ကြသည်။
ထို့နောက် ကျေးရွာစာကြည့်တိုက်တာဝန်ခံများက စာကြည့်တိုက်ဖွင့်လှစ်နေမှု၊ စာအုပ်စာစောင် ရရှိမှု၊ စာအုပ်ငှားရမ်းမှုအခြေအနေ၊ ရန်ပုံငွေရရှိမှုတို့အား ရှင်းလင်းပြောပြောကြားကြပြီး စာကြည့်တိုက်များ အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိက ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြန်အောင်မြို့နယ်စာရေးဆရာအသင်းနာယက ဦးသန်းညွန့်(ဇင်မင်း-သမိန်ထော) ဦးဆောင်၍ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျေးရွာစာကြည့်တိုက်တာဝန်ခံများ၊ စာပေဝါသနာရှင်များက စာဖတ်ဝိုင်းဆွေးနွေးပွဲပြူလုပ်ခဲ့ကြသည်။
ဝင်းဗိုလ်