မင်းလှ စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မလွန်မြသပိတ်စေတီတော်မြတ်ကြီး၏ (၇၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက မလွန်မြသပိတ်ဘုရားရင်ပြင်တော်(သမိုင်းပြတိုက်)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မလွန်ကျောင်းတိုက်ဆရာတော် ဩဝါဒစရိယဆရာတော်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး တကစ(မလွန်) စက်ရုံမှူးက မလွန်မြသပိတ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓဇနိယပွဲတော်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မလွန်မြသပိတ်စေတီတော်မြတ်ကြီး၏ (၇၈)ကြိမ်မြောက် ဗုဒ္ဓဇနိယပွဲတော်ကျင်းပနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဘုရားကြီးအရုဏ်တော်ခံဝတ်အသင်းတာဝန်ရှိသူတစ်ဦးက ရန်ပုံငွေငွေစာရင်းရှင်းတမ်းများ ဖတ်ကြားခြင်း၊ ယခင်နှစ်ပွဲတော်မှ စာရင်းစစ်ဆေးတွေ့ရှိမှုများတင်ပြခြင်းနှင့် ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများဖွဲ့စည်းခြင်း၊ တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် (၇၈)ကြိမ်မြောက် မလွန်မြသပိတ်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာလ (၂၁) ရက်နေ့မှ (၃၀)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)