ကြံခင်း စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ သောကြာဒူးကျေးရွာတွင် နေကြာစိုက်ပျိုးနေမှုနှင့် မြို့မရပ်ကွက်ရှိ သာသနာ့ဗိမာန်၌ ထော်လာဂျီများ လိုင်စင်ဆောင်ရွက်ပေးနေမှုများအား ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်မြေစာရင်းဦးစီးမှူး ဦးမြင့်စိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဝင်များ၊ တောင်သူများက သောကြာဒူးကျေးရွာ၊ တောင်သူဦးဇော်မင်းလတ်၏ လယ်မြေကွင်းအမှတ်၊ ၄ ဦးပိုင်အမှတ် ၆၃၊ ၁.၅၀ ဧကပေါ်တွင် ဆင်းရွှေကြာ-၂ မျိုးအား မြို့နယ်စိုက်တိုးမြှင့်အဖွဲ့များ၊ တောင်သူများနှင့်အတူ တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးပြီး တောင်သူများ အား ဒေသတွင်း ဆီဖူးလုံရေးအတွင် နေကြာ၊ ပဲပုပ်၊ နှမ်းနှင့် မြေပဲသီးထပ်အဖြစ် စိုက်ပျိုးရေးအသိပညာပေးဟော ပြောခဲ့ကြသည်။
ထို့နောက် မြို့မရပ်ကွက်၊ သာသနာ့ဗိမာန်တော်ကြီးတွင် တစ်ကြိမ်တစ်ခါမှ လိုင်စင်မပြုလုပ်ရသေးသော ထော်လာဂျီနှင့် ပုဇန်းခေါင်းထော်လာဂျီများအား ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနနှင့် မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီတို့၏ပူးပေါင်း၍ One Stop Service ဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှုပြီး လိုင်စင်လာရောက်ပြုလုပ်ကြသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးအားပေးစကားပြောကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများအား ပေါင်းစပ်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း
ကြံခင်း (ပြန်/ဆက်)