ပုသိမ် စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်အသစ် ပြန်လည်ရွေးချယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (ARCCI) သည် တိုင်းဒေသကြီးစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊ လက်ရှိ ဧရာဝတီ တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (ARCCI) တွင် အသင်းပေါင်း ၃၉ သင်း ဖြင့်ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး ထုတ်လုပ်မှုဆိုင်ရာအသင်း ၂၂သင်း၊ ဝန်ဆောင်မှုဆိုင်ရာအသင်း ၁၇ သင်းရှိပါကြောင်း၊ ယနေ့တွင် ဗဟိုအလုပ်အမှုဆောင်အသစ် ပြန်လည်ရွေးချယ်၍ ညီနောင်အသင်းများနှင့်အတူတွဲဖက်ပြီး တိုင်းဒေသကြီး၏ စီးပွားရေးလုပ်ငန်းများကို ဦးစီးဦးဆောင်ပြုဆောင်ရွက်မည့် အသင်းလည်းဖြစ်ပါကြောင်း၊ ပြည်တွင်းပြည်ပ ဈေးကွက်များ ဝင်ရောက်နိုင်ရန် (ARCCI) ကဲ့သို့ အသင်းချုပ်များတွင် ပါဝင်ဆောင်ရွက်နေကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း (ARCCI) အသင်းနှင့်အတူ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပြီး ပေါ်ဆန်းမွှေးဆန်အပါအဝင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ပြည်ပတင်ပို့ နိုင်ရန် Export Zone များတည်ထောင်ဆောင်ရွက်သွားရန်လိုပါကြောင်း၊ MSME လုပ်ငန်းများအနေဖြင့် စားသောက်ကုန်လုပ်ငန်းများသည် ဖွံ့ဖြိုးလျက်ရှိပါကြောင်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအနေဖြင့် ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြေပဲ၊ နှမ်း၊ နေကြာ စသည့် ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိပြီး ပဲပုတ်၊ ပဲကြီး ရောနှော၍ ဧက (၁) သိန်းစိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ စီးပွားရေးလုပ်ငန်းများကို အဓိကမောင်းနှင်မည့်အသင်းကြီးအနေဖြင့် အမှုဆောင်အသစ်များကို ရွေးချယ်တင်မြှောက်၍ လုပ်ငန်းများကိုခိုင်ခိုင်မာမာ ဆောင်ရွက်ရန်လိုပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် (ARCCI) အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးဖွံ့ဖြိုး တိုးတက်ရေးအတွက် တက်ညီလက်ညီပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း” အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ဂုဏ်ပြုစကားများပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (ARCCI) ဗဟိုအလုပ်အမှုဆောင်အသစ် ပြန်လည်ရွေးချယ်ပွဲကျင်းပခဲ့ကြကာ တက်ရောက်လာကြသူများမှ ဗဟိုအလုပ်အမှုဆောင်အသစ်များအား ရွေးချယ်ခဲ့ကြကြောင်းသိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)