ကျိုက်လတ် စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြစန္ဒီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် မြို့နယ်အဆင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးအောင်မိုးက ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး ကျောင်းများ အလိုက်နှင့် မြို့နယ်အဆင့်ရေးဆွဲထားသည့် အောင်ချက်မြင့်မားရေးစီမံချက်များ ပေါက်မြောက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိအခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ)များမှ ကျောင်းအုပ်ဆရာ/ဆရာမများနှင့် အထက်တန်းပြ ဆရာ/ဆရာမများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ/ဆရာမများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်