ပခုက္ကူမြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ပခုက္ကူတက္ကသိုလ်သို့ အဆင့်မြင့်တက္ကသိုလ်ပညာရပ်များ သွားရောက်လေ့လာ

ပခုက္ကူ စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ ပခုက္ကူတက္ကသိုလ်သို့သွားရောက်၍ အဆင့်မြင့်တက္ကသိုလ် ပညာရပ်များလေ့လာခဲ့ကြကြောင်း သိရသည်။

ဦးစွာ ပခုက္ကူတက္ကသိုလ်သို့ အဆင့်မြင့်တက္ကသိုလ်ပညာရပ်များ လေ့လာရေးရောက်ရှိလာသော အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများကို တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံကြိုဆိုပြီး ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်တို့က တက္ကသိုလ်၏ သမိုင်းကြောင်းများ၊ တက္ကသိုလ်၏ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ သင်ကြားရေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများအကြောင်းတို့ကို အသေးစိတ်ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍  ကျောင်းသား ကျောင်းသူများက ပခုက္ကူတက္ကသိုလ်ရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ စတုတ္ထနှစ်နှင့် ဒုတိယနှစ် ဂုဏ်ထူးတန်းကျောင်းသား ကျောင်းသူများကိုယ်တိုင် သုတေသနပြုလုပ်ထားသော လက်မှုပညာများ၊ အသုံးအဆောင်များ၊ စားသောက်ကုန်များ၊ ဓာတ်ခွဲစမ်းသပ်မှုများ၊ ရှေးဟောင်းပစ္စည်းများ၊ စာတမ်းများပါဝင်သော ပြိုင်ပွဲဝင်ပရိုဂျက်များ၊ ဝိဇ္ဇာ/သိပ္ပံဘာသာရပ်ဌာနများအလိုက်သင်ကြား၊ သင်ယူမှုပုံစံများ၊ လက်တွေ့သင်ကြားလေ့ကျင့်ပေးနေမှုများနှင့် တက္ကသိုလ်စာကြည့်တိုက်ရှိ စနစ်တကျစုစည်းသိမ်းထားသော သမိုင်းကြောင်းဆိုင်ရာ စာအုပ် စာပေများ၊ ရသဆိုင်ရာ စာအုပ်စာပေများ၊ မဟာဝိဇ္ဇာ/ မဟာသိပ္ပံဆိုင်ရာသုတေသနစာတမ်းများ၊ စာငှား၊ စာဖတ် လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု လေ့လာကြရာ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့် စာကြည့်တိုက်မှူးများက လိုက်လံရှင်းလင်းပြသကြသည်။

အဆိုပါ အဆင့်မြင့်တက္ကသိုလ်ပညာရပ်များ လေ့လာရေးကို မြို့နယ်ပညာရေးမှူး ဒေါ်ခင်တိုးဝင်းဦးဆောင်၍ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၏ကြီးကြပ်မှုတို့ဖြင့် စက်တင်ဘာလ ၁၀ ရက်နေ့တွင် အမှတ် (၁) နှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ရာပြည့်စံကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ Grade-12 ကျောင်းသား ကျောင်းသူ ၂၀၃ ဦး၊ စက်တင်ဘာလ ၁၁ရက်နေ့တွင် အမှတ်(၁)နှင့်အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၊ လေ့ကျင့်ရေး အလယ်တန်းကျောင်း (TTC) တို့မှ Grade-9 ကျောင်းသား ကျောင်းသူ ၁၅၁ ဦး၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် အမှတ်(၂၊ ၄၊ ၅) အခြေခံပညာအထက်တန်းကျောင်းများမှ Grade-12 ကျောင်းသား ကျောင်းသူ ၁၄၅ ဦး စုစုပေါင်း ၄၉၉ ဦးတို့က အဖွဲ့လိုက်သွား ရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)