ပွင့်ဖြူ စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံနေကြာစိုက်ခင်းများကို ဒေသခံတောင်သူများက စက်တင်ဘာလ ပထမပတ်မှ စတင်ရိတ်သိမ်းခြွေလှေ့လျက်ရှိပြီး တစ်ဧကလျှင်နေကြာ ၁၉ ဒသမ ၃၀ တင်းနှုန်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံနေကြာ ၁၁၂၀ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါမိုးသီးနှံအဖြစ် စိုက်ပျိုးထားသော နေကြာသီးနှံစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန် ရရှိပြီဖြစ်သဖြင့် ဒေသခံတောင်သူများက ယခုနှစ် စက်တင်ဘာလ ပထမပတ်က စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် နေကြာစိုက်ခင်း ဧက ၈၀ အထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ နေကြာတစ်ဧကလျှင် ၁၉ ဒသမ ၃၀ တင်း ထွက်ရှိကြောင်း သိရသည်။
“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ နေကြာ ၁၁၂၀ ဧကထိ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီစိုက်ပျိုးထားတဲ့ နေကြာစိုက်ခင်းတွေကို ယခုနှစ် စက်တင်ဘာ ပထမပတ်လောက်ကစပြီး ရိတ်သိမ်းခြွေလှေ့ခဲ့ရာ ဒီနေ့ထိ ဧက ၈၀ လောက် ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ နေကြာသီးနှံက အောင်မြင်ဖြစ်ထွန်းမှုရှိတာကြောင့် ပြီးခဲ့တဲ့နှစ်ကလိုပဲ သီးနှံအထွက်နှုန်းကောင်းမွန်ပါတယ်။ တစ်ဧကကို ၁၉ ဒသမ ၃၀ တင်းနှုန်းထွက်ရှိပါတယ်။ နေကြာသီးနှံ ရိတ်သိမ်းခြွေလှေ့ခြင်းနဲ့ပတ်သက်ပြီး သီးနှံအထွက်နှုန်းတွေ လျော့နည်းမှုမဖြစ်အောင် တောင်သူတွေကို အချိန်မီ ရိတ်သိမ်းခြွေလှေ့ကြဖို့၊ သီးနှံအရည်အသွေး ကောင်းမွန်အောင် အမိုးအကာအောက် စနစ်တကျသိမ်းဆည်းကြဖို့ အသိပညာပေးတာတွေ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် စိုက်ပျိုးစရိတ်အကုန်အကျသက်သာပြီး သီးနှံဝင်ငွေပိုမိုရရှိသည့် နေကြာသီးနှံစိုက်ပျိုးရေးလုပ်ငန်းကို ဒေသခံတောင်သူများက မိုးရာသီနှင့် ဆောင်းရာသီတွင် အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ယခုနှစ် မိုးသီးနှံနေကြာစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်အောင် ပံ့ပိုးကူညီပေးခြင်း၊ စိုက်ပင်အရေအတွက် ပြည့်မီစေရန် စိုက်ပျိုးရေးအသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခြင်း စသည့် တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးသဖြင့် မိုးနေကြာစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိကြောင်း သိရသည်။
နေကြာသီးနှံကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းဆီစားသုံးမှုကို ဖူလုံစေရုံမျှမက ပိုလျှံသောသီးနှံများကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် နေကြာကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ဆက်လက်ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)