ဆိပ်ဖြူမြို့၌ မြို့အဝင်ပန်းခြံနှင့် ကလေးကစားကွင်း တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်

ဆိပ်ဖြူ စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့တွင် မြို့အဝင်ပန်းခြံနှင့်ကလေးကစားကွင်း တိုးချဲ့တည်ဆောက်ခြင်း၊ ပန်းအလှပင် စိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်း၏ဦးဆောင်မှု၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံမြို့မိမြို့ဖ ပြည်သူများပူးပေါင်း၍ အနော်ရထာတံတားထိပ် မြို့အဝင်၌ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေ ဆောင်ရွက်နိုင်စေရန်နှင့် ကလေးကစားကွင်းတို့ကို ကိုယ်ထူကိုထစနစ်ဖြင့် တိုးချဲ့တည်ဆောက်လျက်ရှိသည်။

အဆိုပါ ပန်းခြံတွင်ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေ ဆောင်ရွက်နိုင်စေရန် ထိုင်ခုံများ၊ ပန်းအလှပင်များ၊ ညအလှမီးလုံးများ၊ စတီးလက်ယမ်းများ၊ ကိုယ်ကာယကျန်းမာရေး လေ့ကျင့်ခန်းသုံးပစ္စည်းများ တပ်ဆင်ခြင်းနှင့် ကလေးကစားကွင်းလုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းစည်သူနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကြီးကြပ်စီမံဆောင်ရွက်လျက်ရှိပြီး၊ မြို့အဝင်ပန်းခြံနှင့် ကလေးကစားကွင်းတိုးချဲ့ဆောင်ရွက်ခြင်း လုပ်ငန်းအတွက်  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဇွဲ(အညာမြေ)