ပွင့်ဖြူ စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးတောင်သူများကို မိုးစပါးသီးနှံစိုက်ပျိုးရာသီအတွက် လိုအပ်သော စိုက်ပျိုးရေးသွင်းအားစု ဓာတ်မြေဩဇာများကို စိုက်ပျိုးချိန်အမီ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူသုံးစွဲခွင့် ရရှိစေရန်နှင့် မိုးစပါးသီးနှံများ ပန်းတိုင်အထွက်နှုန်း ထွက်ရှိစေရန် ရည်ရွယ်၍ ဓာတ်မြေဩဇာအိတ်များကို သီးနှံပေါ်ပေးစနစ်ဖြင့် တောင်သူများလက်ဝယ်အရောက် စနစ်တကျဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဓာတ်မြေဩဇာအိတ်များ ဖြန့်ဖြူးရောင်းချပေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဓာတ်မြေဩဇာဖြန့်ဖြူရေးလုပ်ငန်းအဖွဲ့မှ ဦးဆောင်၍ တောင်သူများအတွက် လိုအပ်သော ဓာတ်မြေဩဇာ သွင်းအားစုများကို သက်သာသောဈေးနှုန်းဖြင့် မိုးစပါးစိုက်ပျိုးချိန်မီ အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် စနစ်တကျ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ယနေ့အထိ ဓာတ်မြေဩဇာအိတ်များ ဖြန့်ဖြူးရောင်းချပေးမှုအနေဖြင့် ကျေးရွာပေါင်း(၁၄)ရွာမှ မိုးစပါးစိုက်ပျိုးတောင်သူများကို ယူရီးယားဓာတ်မြေဩဇာ ၁၄၃၃ အိတ်၊ ကျေးရွာပေါင်း(၉)ရွာမှ တောင်သူများအတွက် ကွန်ပေါင်းဓာတ်မြေဩဇာ ၇၅၀ အိတ်တို့ကို သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့်ကျေးရွာများမှ ဓာတ်မြေဩဇာအိတ် ဝယ်ယူသုံးစွဲလိုသော မိုးစပါး စိုက်ပျိုးတောင်သူများကို ဆက်လက်ဖြန့်ဖြူးရောင်းချ ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )