ပွင့်ဖြူမြို့၌ ရေကြီးရေလျှံမှုကင်းဝေးစေရန် ရေဆိုးထုတ်မြောင်း Box Culvert ကွန်ကရစ်တံတားနှစ်စင်း တည်ဆောက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မိုးရာသီကာလတွင် ရေကြီးရေလျှံမှုကင်းဝေးစေရန်နှင့် မြို့ပြသန့်ရှင်းသာယာလှပစေရန်အတွက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် Box Culvert ကွန်ကရစ်တံတားနှစ်စင်း တည်ဆောက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များလိုက်ပါ၍ ပွင့်ဖြူမြို့၌ မိုးရာသီကာလ ရေကြီးရေလျှံမှုများ မဖြစ်စေရန်နှင့် မြို့ပြသန့်ရှင်းသာယာလှပစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ရေဆိုးထုတ်မြောင်း Box Culvert  ကွန်ကရစ်တံတားနှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းတည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အချိန်မီပြီးစီးအောင်‌ ဆောင်ရွက်နိုင်ရန် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ရေဆိုးထုတ်မြောင်း Box Culvert ကွန်ကရစ်တံတားနှစ်စင်းမှာ အရှည် ၁၆ ပေ ၊ အကျယ် ၆ ပေ ၊ အနက် ၄ ပေ ကိုးလက်မစီရှိပြီး ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၀၆ သိန်းဖြင့် ဌာနမှတာဝန်ယူ၍ ယခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၉၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း၊ ယင်းရေဆိုးထုတ်မြောင်း  Box Culvert ကွန်ကရစ်တံတားနှစ်စင်း တည်ဆောက်ပြီးစီးပါက မိုးတွင်းကာလတွင် ရေကြီးရေလျှံမှုအန္တရာယ် ကင်းဝေးသွားစေမည်ဖြစ်ကာ မြို့ပြသန့်ရှင်းသာယာလှပရေးအတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)