ကန့်ဘလူမြို့နယ်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်

ကန့်ဘလူ စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်( ၃)ရပ်ကွက် ဦးစီးပဓာန နာယက ဆရာတော် (ငါးရာ့ငါးဆယ်ဆရာတော်)ဦးဝါသဝ၏ သာသနာ့အလင်းရောင်ကျောင်းတိုက်၌ ယမန်နေ့နံနက်ပိုင်းက ယာယီနေရပ်စွန့်ခွာစစ်ဘေးရှောင်ပြည်သူများ၊ ရဟန်းရှင်လူပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ခုတင် ၁၀၀ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာနေမိုးနှင့် အထူးကုဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းမှ ဆေးအဖွဲ့များက လာရောက်ပြသသူလူနာများအား စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် လိုအပ်သောကုသမှုများဆောင်ရွက်ပေးပြီး ရောဂါဝေဒနါရှင်အလိုက် ဆေးဝါးများကို ပေးအပ်ခဲ့သည်။

အဆိုပါ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)