ကသာ စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းအဆင့် ပိုစတာနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့နံနက် (၈)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပိုစတာပြိုင်ပွဲ၌ အထက်တန်း၊ အလယ်တန်းအဆင့်တို့တွင် "အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံးမြှင့်တင်ဆောင်ရွက်ပေး" ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပိုစတာပြိုင်ပွဲများတွင် ကျောင်းသား/ ကျောင်းသူများ၏ ယှဉ်ပြိုင်နေမှုတို့ကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ပြိုင်ပွဲများတွင် ကသာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၄၃)ဦးတို့ပါဝင် ယှဉ်ပြိုင်ကြကြောင်းနှင့် ဆုရရှိကြသည့် ကျောင်းသား/ ကျောင်းသူများကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၁၆) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(ပြန်/ဆက်)