မြို့သစ် သြဂုတ် ၁၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ယင်းနားကုန်း စိုက်/ထွေ သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် အောင်စည်တော် စိုက်/ထွေသမဝါယမအသင်းသားတောင်သူများ၏ မိုးနှောင်းဝါစိုက်ပျိုးထားရှိမှု အခြေအနေများအား သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးချုပ်မှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်၊ မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့က ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးပြုလုပ်ရာတွင် မြို့သစ်မြို့နယ်အတွင်း သက်တံ့ရောင်စီမံကိန်းဖြင့် မိုးစပါးစိုက်ဧက(၁၈၀)အတွက် တစ်ဧကလျှင်(၃၀၄၅၀၀)နှုန်းဖြင့် ပံ့ပိုးပေးထားသော ယင်းနားကုန်း စိုက်ထွေ/သမဝါယမအသင်းမှ အသင်းသားဦးထွန်းအေး၏ မိုးစပါး(အောင်နိုင်တိုး)စိုက်ပျိုးထားသော စိုက်ကွက်သို့ ကွင်းစစ်ဆေးပြီး အသင်းသားတောင်သူများနှင့် တွေ့ဆုံကာ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ကာလအလိုက်သုံးစွဲရမည့် သွင်းအားစုများအား အချိန်မီသုံးစွဲရေး၊ ပိုးမွှားအန္တရာယ်ကျရောက်မှုမရှိရေး ကြိုတင်သတိပြုဆောင်ရွက်ရန်နှင့် သက်တံ့ရောင်စီမံကိန်းဖြင့် ပံ့ပိုးပေးထားသော ရန်ပုံငွေများအား ညွှန်ကြားချက်နှင့်အညီ သုံးစွဲဆောင်ရွက်ရေးတို့အား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့သစ်မြို့နယ် သမဝါယမအသင်းစုမှအထွက်တိုးမျိုးများဖြစ်သော TBL195, B31, Raka666 မျိုးများ ဖြန့်ဖြူးပေးထားသော အောင်စည်တော်စိုက်/ထွေသမဝါယမအသင်း၏ မိုးနှောင်းဝါစိုက်ဧက(၄၀၀)အနက် အသင်းသားဦးမောင်စိုး၏ TBL195 မိုးနှောင်းဝါစိုက်ခင်းအား ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မိုးစပါး (၂၄၀၀)ဧကနှင့် မိုးနှောင်းဝါ(၃၅၀၀)ဧကတို့အား သမဝါယမကဏ္ဍမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)