ချောက် စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်သံဃာနာယကအဖွဲ့က ကြီးမှူးကျင်းပသည့် (၄၀)ကြိမ်မြောက် မြို့နယ်ဝိနယာဓိကမာမက စာမေးပွဲဖြေဆိုအောင်မြင်သည့် စာအောင်သံဃာတော်များအား စာအောင်လက်မှတ်နှင့် ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက သာသနာ့ဗိမာန်တော်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး တိုင်းသံဃနာယကအဖွဲ့ဝင် ရွှေပုံတောင်ဆရာတော်ဘဒ္ဒန္တ တိက္ခသာရထံမှ ရှစ်ပါးသီလခံယူကာ ပင့်သံဃာ(၂၅)ပါးအား လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးအေးမင်းထွန်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သာသနာရေးဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်သံဃာနာယကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက ဝိနယာဓိကမာမကစာမေးပွဲ ဖြေဆိုအောင်မြင်သည့် ပထမကြီးတန်း(၂)ပါး၊ ပထမလတ်တန်း(၃)ပါး၊ ပထမငယ်တန်း(၅)ပါး၊ အခြေပြုမူလတန်း(၇)ပါး၊ သာမဏေတန်း(၁၇)ပါး စုစုပေါင်း(၃၄)ပါးအား အောင်လက်မှတ်နှင့် အောင်ဆုအလှူငွေများ အသီးသီးဆက်ကပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ယင်းတို့ထဲမှ ဂုဏ်ထူးရရှိသူ(၁၄)ပါးအား အောင်ဆုများ ထပ်မံပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ယင်းနောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ စလင်းကျောင်းဆရာတော် ဘဒ္ဒန္တကေသဝအရှင်သူမြတ်မှ ရေစက်သွန်းချ သာဓုအနုမောဒနာတရားချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)