ပခုက္ကူမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်

ပခုက္ကူ စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲကို ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းအား ပြုလုပ်ပေးခြင်းဖြစ်သည်။ ပထမဦးစွာ မြိုင်မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းနှင့် ကျောက်ထုမြို့နယ်ခွဲရုံး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ချိုချိုဝင်းတို့က လူငယ်လူရွယ်များ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ အမှားအမှန် ခွဲခြားသိမြင်နိုင်ရန် စာအုပ်စာပေကို အစဉ်မပြတ်လေ့လာဖတ်ရှုရန်လိုအပ်ကြောင်း၊ စာပေဖတ်ရှုရခြင်းကြောင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများအကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို အသိပညာပေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ စာရေးဆရာ အောင်သင်းရေးသားသည့် ကိုယ့်ကိုယ်ကိုပြဌာန်းခြင်းစာအုပ်မှ ဘဝအတွက်ပြဋ္ဌာန်းချက် ခေါင်းစဉ်ဖြင့် Grade-8 မှ ကျောင်းသူ မဂျူးခန့်ခန့်ဇော်က လည်းကောင်း၊ အချောင်ရခဲ့သော အကျင့်ကောင်းလေးများခေါင်းစဉ်ဖြင့် Grade-8 မှ မသိမ့်ဖူးသဇင်မှ လည်းကောင်း၊ မြေးမလေးများတွေးဆပွားစေဖို့ ခေါင်းစဉ်ဖြင့် Grade-8 မှ မဇင်မာအောင်ကလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးခဲ့ကြသည့်‌ ကျောင်းသား/ကျောင်းသူလေးများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မယ်ခွေ