မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် ဖိုလေးလုံးကျေးရွာ၌ ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးကာ၊ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မကွေး စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့နယ် ဖိုလေးလုံးကျေးရွာ၌ ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးကာ၊ ဒေသတွင်းစိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်း ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း တိုင်းပြည်သူ့ဆေးရုံကြီး အထူးကုဆရာဝန်ကြီးများမှ အထွေထွေရောဂါ၊ မျက်စိရောဂါနှင့် သွားနှင့် ခံတွင်းရောဂါများကို ဖိုလေးလုံးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက လှည်လည်ကြည့်ရှုပြီး၊ ဆေးဝါးကုသမှုခံယူနေသူ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးခရိုင်ဒေသတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးနှင့် သီးနှံစိုက်စွမ်းအား တိုးတက်မားရေးအတွက် မကွေးမြို့နယ် ဖိုလေးလုံးကျေးရွာဓမ္မာရုံ၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ကျေးရွာနေတောင်သူများအနေဖြင့် စိုက်ပျိုးရေးကဏ္ဍဖွံဖြိုးတိုးတက်စေဖို့အတွက် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးတတ်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးအခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည်နှင့်အညီ ဒေသတွင်းစိုက်ပျိုးစွမ်းအား မြှင့်တင်ရန်နှင့် သီးနှံစိုက်စွမ်းအား တိုးတက်မားရေး ဆောင်ရွက်မည်ဆိုပါက ဒေသခံတောင်သူများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ စိုက်နည်းတို့ကို အခြေခံ၍ စိုက်ပျိုးမြေအားလုံး တစ်နှစ်သုံးသီးစိုက် ရရှိအောင်ဆောင်ရွက်ရန် အထူးလိုအပ်မည်ဖြစ်ကြောင်း၊ တောင်သူအများစုက ဒေသစွဲသီးနှံများထက်စီးပွားရေးအရ တွက်ခြေကိုက်သည့် သက်ယဉ်အထွက်ကောင်းသီးနှံများကို ရွေးချယ်၍ မျိုးကောင်းမျိုးသန့်များ စနစ်တကျအသုံးပြုပြီး စိုက်ပျိုးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့စိုက်ပျိုးနိုင်မှသာ သီးနှံပေါ်ချိန်သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်ပြီး ထွက်ရှိသော သီးနှံများမှာ ပြန်လည်ရောင်းချချိန် ဈေးကောင်းရရှိနိုင်မည် ဖြစ်ပါကြောင်း၊ မိမိကျေးရွာမှ ပညာတတ်များ ပေါ်ထွန်းရေးအတွက် ပညာရေးကဏ္ဍကို နိုင်ငံတော်မှ မြှင့်တင်ဆောင်ရွက်ပေးနေသလို ကျေးရွာပြည်သူများအနေဖြင့်လည်း သက်ဆိုင်ရာ ပညာရေးဌာနနှင့် ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်မှသာ မိမိကျေးရွာမှ ထူးချွန်ထက်မြတ်သော ပညာတတ်များ ပေါ်ထွန်းလာကာ ရပ်ရွာတိုးတက်လာမည်ဖြစ်ကြောင်းနှင့် တောင်သူများအား ဒေသတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရေး၊ သီးနှံအထွက်နှုန်းတိုးတက်ရေးတို့အတွက် စိုက်ပျိုးရေးအသိပညာပေးဆိုင်ရာများကို နည်းပေးလမ်းပြပြောကြားသည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းနှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများတွက် စိုက်ပျိုးရေးဦးစီးဌာန၏ တောင်သူပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေမှု၊ တောင်သူစိုက်ပျိုးနည်းပညာပေးသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ဖိုလေးလုံးကျေးရွာနှင့် အုပ်စုအတွင်း ကျေးရွာများမှ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေ(ဆည်ရေ)ရရှိရေး၊ ကျေးရွာချင်းဆက်လမ်းများနှင့် ကျေးလက်ကုန်ထုန်လမ်းများ တိုးချဲ့ပြုပြင်ဆောင်ရွက်ပေးနိုင်ရေး၊ စိုက်ပျိုးရေ(ဆည်ရေ)ရရှိရန် ခက်ခဲသော ဒေသများ၌ မြေအောက်ရေတွင်းအား ဆိုလာစနစ်တပ်ဆင်အသုံးပြုဆောင်ရွက်ပေးနိုင်ရေး စသည့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ