ပန်းတနော် စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ ဂုဏ်ထူးသင်ဆရာ/ မများနှင့် အောင်ချက်အကောင်းဆုံးကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေး၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းက ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ငွေဌေးက ပညာရေးဆိုင်ရာများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ပန်းတနော်မြို့နယ်အတွင်းရှိ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ ဂုဏ်ထူးသင်ဆရာ/ မများနှင့် အောင်ချက်အကောင်းဆုံးကျောင်းများအား တက်ရောက်လာကြသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများက ဂုဏ်ထူး(၁)ဘာသာလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ထူးချွန်ဆုရ ကျောင်းသား/သူများကိုယ်စား နိုင်ငံအဆင့်(၉)၊ (၄)ဘာသာဂုဏ်ထူးရှင် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ဘုရားကုန်းမှ မအေးအေးသီက ကြိုးစားအားထုတ်ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ယင်းနောက် (၂၅) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် မြို့နယ်ကိုယ်စားပြုဝါသနာရှင် (ဒုတိယတန်း) ရုပ်သေးပြိုင်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် အ.ထ.က (ရွှေလှေ) ကျောင်းမှ ဆရာမဒေါ်ခင်စုစုဇော်၏ ရုပ်သေးအကဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ (၂၆) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အခြေခံပညာ အသက်(၁၅)မှ (၂၀)နှစ်အတွင်း ခေတ်ဟောင်းကာလပေါ် (အဆို)၊ အက၊ ကဗျာလွတ်အကများနှင့် ဇာတိမာန်သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကပြခဲ့ရာ တာဝန်ရှိသူများမှ ဆုငွေများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)