ကျုံပျော် စက်တင်ဘာ ၁၄
အရည်အချင်းပြည့်မီသော ထူးချွန်အားကစားသမားများ ပေါ်ထွန်းလာစေရန်အတွက်ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ကျုံပျော်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလားတိုက်နယ်အလိုက် အလွတ်တမ်းအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ ညနေ ၃ နာရီက ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပ ပြုလုပ်သည်။
ဗိုလ်လုပွဲသို့ အားကစားဝါသနာရှင် ပရိတ်သတ် (၃၀၀၀) ဦးခန့် လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ဗိုလ်လုပွဲတွင် မြို့မ(၁) အသင်းနှင့် အထောင်တိုက်နယ်တို့ ယှဉ်ပြိုင်ကစားခဲ့ကြရ။ ဒုတိယပိုင်းပွဲပြီးချိန်နှင့် အချိန်ပိုကစားချိန်အထိ တစ်ဖက်တစ်ဂိုးစီရရှိ၍ ပင်နယ်တီကစားခဲ့ကြရာ မြို့မ(၁) အသင်းက ၆ ဂိုး ၅ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက် ဆုပေးပွဲအား ကျင်းပပြုလုပ်ရာ ကျုံပျော်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းက ပထမဆုရ မြို့မ(၁)အသင်းအား တံခွန်စိုက်ဆုဖလားအား ပေးအပ်ချီးမြှင့်ပြီး၊ တာဝန်ရှိသူတို့က ဒုတိယဆု၊ အကောင်းဆုံးဘောသမားဆု၊ တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများအား အားကစားသမားများထံသို့ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ အဆိုပါဘောလုံးပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ တိုက်နယ်များမှ ဘောလုံးအသင်း(၁၀)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)