ပွင့်ဖြူမြို့နယ်၌ မိုးစပါးစိုက်ပျိုးတောင်သူများအား သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာအိတ်များ ဖြန့်ဖြူးရောင်းချ

ပွင့်ဖြူ စက်တင်ဘာ ၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးတောင်သူများအတွက် လိုအပ်သော စိုက်ပျိုးရေးသွင်းအားစု ဓာတ်မြေဩဇာများကို စိုက်ပျိုးချိန်အမီ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူသုံးစွဲခွင့် ရရှိစေရန်နှင့် မိုးစပါးသီးနှံများ ပန်းတိုင်အထွက်နှုန်း ထွက်ရှိစေရန် ရည်ရွယ်၍ ဓာတ်မြေဩဇာအိတ်များကို ‌သီးနှံပေါ်ပေးစနစ်ဖြင့် တောင်သူများလက်ဝယ်အရောက် စနစ်တကျ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဒေသတွင်းရှိ မိုးစပါးစိုက်ပျိုးတောင်သူများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာအိတ်များ ဖြန့်ဖြူးရောင်းချပေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဓာတ်မြေဩဇာ ဖြန့်ဖြူရေးလုပ်ငန်းအဖွဲ့မှ ဦးဆောင်၍ တောင်သူများအတွက် လိုအပ်သော ဓာတ်မြေဩဇာ သွင်းအားစုများကို သက်သာသောဈေးနှုန်းဖြင့်  မိုးစပါးစိုက်ပျိုးချိန်မီ အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စနစ်တကျ ဖြန့်ဖြူးရောင်းချပေးနေကြောင်း၊ ဓာတ်မြေဩဇာအိတ်များ ဖြန့်ဖြူးရောင်းချပေးမှုအနေဖြင့် ကျေးရွာပေါင်း(၁၄)ရွာမှမိုးစပါးစိုက်ပျိုး တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ၁၄၃၃ အိတ်၊ ကျေးရွာပေါင်း(၉)ရွာမှ တောင်သူများအတွက် ကွန်ပေါင်းဓာတ်မြေဩဇာ ၇၅၀ အိတ်တို့ကို ဖြန့်ဖြူးရောင်းချပေးပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ကျန်ရှိသည့်ကျေးရွာများမှ မိုးစပါးစိုက်ပျိုးတောင်သူများကို ဓာတ်မြေဩဇာ အိတ်များ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

လှိုင်ဝင်းလေး