တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၄/၂၀၂၅) သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် စက်တင်ဘာ ၁၄

တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၄/၂၀၂၅) သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာလ(၁၂)ရက်နေ့မွန်းလွဲပိုင်းက  ပုသိမ်မြို့၊ ပုသိမ်ပညာရေး ဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များပေးအပ်ခဲ့သည်။

ဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုလက်ကမ်း ကံ့ကော်တန်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲသည် ရက်တိုတောင်းသော်လည်း အကျိုးရှိသည့်ဆွေးနွေးပွဲဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ကျောင်းဖွင့်လှစ်မှုအများဆုံး တိုင်းဒေသကြီးဖြစ်ပြီး အခြေခံပညာကျောင်း (၇)ထောင်ကျော် ဖွင့်လှစ်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာ အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲကို ပြုလုပ်နိုင်ခဲ့သဖြင့်  စာသင်ကြားရာတွင် ပိုမိုထိရောက်မည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ပညာရပ်များကို ပိုမိုသိရှိနားလည်မည်ဖြစ်ပါကြောင်း၊ စာပေသင်ကြားရာတွင် ဆရာ၊ ဆရာများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးပါကြောင်းနှင့် ဘာသာရပ်တစ်ခု ကျွမ်းကျင်တတ်မြောက် စေရန် မည်သို့သင်ကြားပေးမည်ဆိုသည့် ဆွေးနွေးချက်များကို လက်တွေ့အသုံးချသင်ကြားပေးခြင်းဖြင့် ထူးချွန်ထက်မြက်သော နိုင်ငံ့သားကောင်းများ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများသည် တပည့်များ၏ လက်ဦးဆရာ စံနမူနာပြများဖြစ်သဖြင့် ဝတ်စားဆင်ယင်မှု၊ အပြောအဆို၊ အနေအထိုင်မှစ၍ ဂရုပြုရန်လိုပါကြောင်း” အမှာစကားပြောကြားပြီး တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအား မြန်မာ၊ အနောက်ပိုးကရင်၊ စကောကရင် စကားပြောစာအုပ်များနှင့် သင်တန်းပြီးမြောက်ကြောင်းလက်မှတ်များပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင်ပြုလုပ်သည့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲကို ယခုလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမ(၁၃၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ ငါးကျီးထူကျေးရွာအုပ်စု၊ အောင်လံစုကျေးရွာရှိ ရွှေပြည်စိုးအဆင့်မြင့်ဆန်စက်သို့သွားရောက်၍ ဆန်စက်လုပ်ငန်းရှင်များ၊ တောင်သူများနှင်တွေ့ဆုံပြီး တိုင်းဒေသကြီးဝန်ကြီးချူပ်က "တိုင်းဒေသကြီးသည် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများအတွက် စိုက်ပျိုးစရိတ်ကာမိပြီး အကျိုးအမြတ်ရှိရန် စီမံဆောင်ရွက်ပေးနိုင်ရေးနှင့်  စပါးဈေးနှုန်းသင့်တင့်မျှတစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း" ပြောကြားပြီး ရွှေခယ်ဝတီကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြည်ပသို့ပေါင်းဆန်များကြိတ်ခွဲ တင်ပို့ရောင်းချမည်ဖြစ်၍ မိုးစပါးများအား တောင်သူများအတွက် စိုက်ပျိုးစရိတ်ကာမိစေရန် သတ်မှတ်ဈေးနှုန်းများထားရှိပြီး ဝယ်ယူနိုင်ရေးနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက စပါးအရည်အသွေးမထိခိုက်စေရေးအတွက် ပိုးသတ်ဆေးများလျော့ချသုံးစွဲနိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က  သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)